မင်္ဂလာရှိသောနှစ်သစ်

Friday, April 17, 2009

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့.. ကောင်လေးရဲ့ ဘလော့ကို လာလည် ကြသော ဘလော့မောင်နှမ အာလုံးကို နှုတ်ခွန်းဆက်မေတ္တာပို့သပါတယ်..။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူပြောင်းကြတဲ့အချိန်မှာ.. မြန်မာလူမျိုးတွေဟာ ဘုရားသွား ကျောင်းတက် ဥပုသ်သီလ ယူ ... သတ္တ၀ါတွေကို ဘေးမဲ့လွတ်ကြတာ ချစ်စရာ မြန်မာ့ဓလေ့ပါ...။ မြို့တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း အိမ်တိုင်းမှာ ပရိတ်တရားတွေ ရွတ်ဖတ်ပြီး.. နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောပြီး. နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုကြတာဟာလည်း မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ခုပါ...။

ကောင်လေးကလည်း ၃၁ ဘုံကြင်လည်ကျကုန်သော လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါ အပေါင်း ကျန်းမာကြပါစေ..၊ ချမ်းသာကြပါစေ..၊ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..၊ သောကခပ်သိမ်း အေးကြပါစေ..၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ လို့ ဆုတောင့်မေတ္တာပို့သရင်း.. နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုပါသည်..။

ကောင်လေးဘလော့ကို ရောက်လာကုန်ကြသော ဘလော့ ညီအစ်ကိုမောင်နှမ အားလုံး အတွက် မင်္ဂလာရှိသောနှစ်သစ်မှာဖြစ်ပါစေ..ခင်ဗျာ...။

အခုတလော.....???

Tuesday, April 7, 2009

ကောင်လေး ဒီတစ်လော အလုပ်များနေတယ်..။စိတ်လည်းအရမ်းရှုပ်နေတယ်။ အခန်းအသစ်ကိုပြောင်းနေတော့ သန့်ရှင်းရေးတွေလည်းလုပ်ရ အခန်းမှာလိုတဲ့ ပစ္စည်းတွေကို စာရင်းလုပ်ရ..။ ပြီးတော့လည်း ၀ယ်စရာရှိတာတွေ ကို လည်း နေ့တိုင်းထွက်နေရတယ်..။တော်တော်ခေါင်းစားရတယ်..။ ဘာကြောင့်လဲဆိုတော့ ပရိဘောဂတွေကို သွားကြည့်တော့ အားလုံးက လိုချင်စရာတွေကြီးဘဲ။ဈေးတွေကလည်း လန်ထွက်နေတာပဲ..။ကိုယ်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ ချင့်ချိန်နေရတယ်..။စိတ်ရှိလက်ရှိသာ ၀ယ်လိုက်လို့ကတော့ဗျာ...။

ကောင်မလေးကို အလုပ်မှာ သွားကြို ပြီးရင် နှစ်ယောက်သား ဈေးပတ်တော့တာဘဲ။ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ဈေးလျှော့လို့က တော့ နှစ်ယောက်သား ဦးပြီးသားဘဲ..။ အခုဆိုရင် အခန်းအတွက်လိုတဲ့ ဟာတွေ အားလုံးရွေးပြီးပြီ ..။ဝယ်ဖို့ဘဲ ကျန်တော့မယ်..။အခုဒီမှာ ရုံးပိတ်ရက်တွေဖြစ်နေတယ်..။ခရစ်ယာန်ဘာသာတွေရဲ့ ပို့စကဲပိတ်ရက်လေ..။ပြန်ဖွင့်တာနဲ့ အားလုံးကိုအခန်းသစ်ပေါ်တင်ရုံဘဲ..။(ကပ်ကြွားတာ..)
အခု လိုက်ကာတန်းဝယ်ဖို့ အတိုင်းအတာကို တိုင်းဖို့ဘဲကျန်တော့တယ်...။လိုက်ကာတွေတောင်ဝယ်ပြီးပြီ..။

ဒီမှာက အခန်းတိုင်းမှာလိုက်ကာ မတပ်လို့မရဘူးလေ..။နွေရာသီဆိုရင် ည ၁၀ နာရီကျော်မှ မိုးချုပ်တယ်..။မနက်ဆိုရင် မနက် ၆နာရီ မထိုးသေးဘူး မိုးကလင်းနေပြီ..။အဲလိုရာသီဥတုဆိုတော့ လိုက်ကာဆိုတာ မရှိမဖြစ်လိုအပ်တယ်လေ..။

မနေ့က လိုက်ကာ ၀ယ်ရင်း နှစ်ယောက်သား အငြင်းခုန်နေကြတယ်..။ ကောင်မလေး အကြိုက်နဲ့ ကောင်လေး အကြိုက်ပေါ့..။ပြီတော့ sofa ခုန်တွေကြည့်တော့လည်း ငြင်းရပြန်တယ်...။အဲ..ဒါပေမယ့် တီဗွီစင်ကို ကြတော့ နှစ်ယောက်သား အတိုင်အဖောက်ညီသွားကြပြန်ရော..။ဒါတောင် အရေးကြီးတဲ့ဟာတွေလောက်ဘဲ ကြည့်ထားတာ..အခြားတိုလီမှုတ်စတွေ ကို မကြည့်ရသေးဘူး..။နောက်နေ့ဆိုင်တွေပြန်ဖွင့်မှ လျှောက်ကြည့်ရတော့မယ်..။ ဒီနေ့တော့ ဆိုင်တွေအားလုံးပိတ်တာနဲ့ အိမ်မှာဘဲ နှပ်ရင်း ပို့စ်ရေးဘလော့လည်း နဲ့ အချိန်ကုန်ရတော့ပါမယ် ခင်ဗျာ...။

တူးပို့ တူးပို့

Thursday, April 2, 2009

သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ အမြဲထာဝစဉ် လူကြီးလူငယ်မရွေး ကိန်းအောင်းနေတဲ့ ရတနာတစ်ပါးပါ..။တူးပို့..တူးပို့ သင်္ကြန်သီချင်းသံစဉ်တွေ ကြားလိုက်ရင်ဘဲ ဖော်ပြလို့မရတဲ့ ခံစားချက်တွေဟာ လူတိုင်းရဲ့ရင်ထဲမှာ နိုးကြွလာစမြဲပါ..။ခေတ်ကာလ ပြောင်းလဲလို့ သံစဉ်တွေ ဘယ်လောက်ဘဲ သစ်သစ် တူးပို့ တူးပို့ ဆိုတဲ့ သံစဉ်ကို လွှမ်းမိုးထားနိုင်ခြင်း မရှိသေးပါဘူး။

ကောင်လေးလည်း ဧပြီလရောက်လို့ သင်္ကြန်သီချင်းတွေ ကြားရင် အတိုင်းမသိပျော်တယ် ကြည်နူးတယ် ပီတိ ဖြစ်ရတယ်..။ငယ်ငယ်ကတည်းက သင်္ကြန်ဆိုရင် အဒေါ်တွေနဲ့ ရှိတာများတယ်..။ကောင်လေးအမေ က အရမ်းအေးတယ်..သင်္ကြန်လည်ရတယ်ဆိုတာလည်း မသိဘူး...။တရားစခန်းလည်း လူများတာကတစ်ကြောင်း အဘွားကိုလည်း စိတ်မချတာက တစ်ကြောင်းနဲ့ အိမ်မှာဘဲ ဥပုသ်သီလ ယူဖြစ်တာများတယ်..။အဲဒါကောင်လေး သိတတ်စအရွယ် ၄တန်း ၅တန်း အရွယ်ကတည်းကပေါ့..။

ကောင်လေးက တော့ အဲဒီအချိန်လောက်ကတည်းက အဒေါ်တွေနဲ့ စလည်နေပြီလေ..။အဘွားကား ကိုယူ ပြီးလည်ကျတယ်..။နေ့လည်စာကို ကြက်လျှာစွန်းဒံပေါက်ကိုဝယ် ပြီးရင် ပြင်သူ့ဥယျာဉ်မှာ နေရာယူပြီးစား ကြတာပေါ့..။အခုတောင် စားချင်လာပြီ..။

အဲဒီလို နှစ်တိုင်း အဒေါ်တွေနဲ့ဘဲ သင်္ကြန်ကိုလည်လာပြီး.. နဲနဲ လူမှန်းသိတတ်စအရွယ် ၈ တန်းလောက်ကျတော့ သူငယ်ချင်းတွေနဲ့ လည်ချင်လာကော..။အဲဒါနဲ့ အမေကော ပြောတော့ သဘောမတူဘူး..။အဘွားကလည်း ပေးမလည်ဘူး..။အဲဒါနဲ့ သူငယ်ချင်းတွေကို အကြိုနေ့မှာဘဲ လာခေါ်ခိုင်းပြီး ဖြစ်ချင်ရာဖြစ်ဆိုလည်တော့ ပထမနေ့ကတော့ ဆူတာပေါ့..။ဘာဖြစ်တယ် ညာဖြစ်တယ်...နဲ့ ။တော်သေးတယ် အားလုံးက ဥပုသ်သီလ ယူထားတော့ အရမ်းဆူလို့မကောင်းဘူးလေ..။နောက်ရက်တွေကျတော့ ဘယ်ရမလဲ အေးဆေးဖြစ်သွားတယ်..။
အဲဒီတုန်းက မှတ်မိသေးတယ် ..သူငယ်ချင်းတွေ ဒလထိဆင်းပြီး ဂျစ်ကား သွားငှားတာ..။ရခဲ့တယ်ဗျာ..။ လည်လို့ ကောင်းမှကောင်း ဂျစ်ကားနဲ့..။တန်းတွေများတော့ လူများများလည်းဆန့်သလို ကဲလို့လည်း ကောင်းတယ်.။ခေါင်းတော့ ခဏ ခဏစောင့်တယ်..။အဲဒီညတွေကတော့ ညစာငတ်တဲ့ညတွေပေါ့..။အိမ်က လူတွေအားလုံး က ဥပုသ်စောင့်တယ်လေ..။အဲဒီနှစ်က နောက်ဆုံးသင်္ကြန်လည်ချင်းပေါ့..။

၉ တန်းဖြေပြီးတဲ့ နှစ်ကျတော့ မဏ္ဍပ်စထိုင်မယ်ဆိုပြီး.. သူငယ်ချင်းတွေတိုင်ပင်ကြတယ်..။အဲဒီလိုနဲ့ onzine မှာလားမသိဘူး စထိုင်ဖြစ်တယ်..။တက္ကသိုလ်ရိပ်သာလမ်းသစ်မှာပေါ့..။ အဲဒီနှစ်မှာ သိပ်ထွေထွေ ထူးထူးမဖြစ်ပါဘူး..။ သူငယ်ချင်းတစ်ယောက် အသောက်လွန်ပြီး ဆေးခန်းပို့လိုက်ရတာလောက်ဘဲ ရှိတယ်..။
ပိုက်ဆံကိုလည်း သေလောက်အောင်စုရတယ်.။သင်္ကြန်ရက်တွေမှာ ပြတ်သွားလို့ ဒုက္ခရောက်တဲ့ ရက်တွေလည်း ရှိပါ့ဗျာ..။

နောက်တစ်နှစ်ဆယ်တန်း ဖြေပြီးတဲ့နှစ် ကြတော့ဆရာစံလည်း က Nine Planet မှာဘဲ သူငယ်ချင်းတွေစုပြီးထိုင်ကြတယ်..။ရေ(money) က တော့ သူငယ်ချင်းတွေအားလုံး ရှိအတူ မရှိအတူပေါ့ဗျာ..။အရမ်းပျော်ဖို့ကောင်းတယ်..။အတွဲရှိတဲ့ သူငယ်ချင်းတွေကလည်း သူ့အတွဲနဲ့တူ..မရှိတဲ့ ကောင်လေးတို့လိုကြတော့လည်း လွတ်လွတ် လပ်လပ်ကဲပေါ့ဗျာ..။သူငယ်ချင်းအစ်ကိုတွေက Member တွေ ကိုယ့်လူရင်းတွေလို ဖြစ်နေတော့ ပိုပျော်ဖို့ကောင်းတာပေါ့...။ရေပက်လိုက် ကလိုက်(က တတ်လို့တော့ မဟုတ်ဘူး ဟိုလျှောက်ခုန် ဒီလျှောက်ခုန်ပေါ့)နဲ့..။မီးသတ်ပိုက် ယူပြီးပတ်ရတာ ရှယ်ဘဲ..။ပြောရင်းနဲ့ တောင် ကဲချင်လာပြီ..။အဲဒီလိုနဲ့ ပြီးသွားပြန်ပေါ့ တစ်နှစ်...။

၂၀၀၅ မှာကြတော့လည်း Nine Planet မှာဘဲ ထိုင်ဖြစ်တယ်..။ဆရာစံလမ်းမှာ ဘဲပေါ့။မနှစ်က လူအတိုင်းဘဲ ဆိုတော့ လူရင်းတွေ ကဲလို့ဘာကောင်းသလဲ မမေးနဲ့..။အဲဒီနှစ်ပေါ့ ကောင်လေး အန်တဲ့ စံချိန်ချိုးတာ မှတ်မိသေးတယ်..။အရမ်းပျော်ဖို့ကောင်းတယ်ဗျာ..။ပို့ရေးရင်း သင်္ကြန်သီချင်းနားထောင်ရင်းနဲ့ သင်္ကြန်ရင်ခုန်သံတွေ ခုတ်မောင်းနေပြီ..ဘယ်ဘူတာမှာ ရပ်နားရမှာလဲ...။မရပ်တန့်နိုင်ဘူး....။:-(
အဲဒီနှစ်က ကောင်လေးရဲ့ သင်္ကြန်နောက်ဆုံးနှစ်ဆိုတာ မသိလိုက်ရဘူးဗျာ..။ကြိုသိခွင့်သာရှိခဲ့ရင်........။

နောက်နှစ်ကျတော့ အဝေးသင်ပထမနှစ်ကို ကျတာက တစ်ကြောင်း...ရေပြတ်နေတဲ့ ကာလနဲ့ကြုံနေတော့..သူငယ်ချင်းတွေကို ရိပ်သာဝင်မယ်ဆိုပြီး ညာလိုက်ရတယ်..။ဒါတောင် ရိပ်သာ နာမည်အတင်းမေးပြီး ရိပ်သာထိ လိုက်ခေါ်မယ်ဆိုလို့.. ဖုန်းတောင် မကိုင်ဘဲ.. နေခဲ့ရတယ်..။ရင်ထဲမှာ အတိုင်းမသိဝမ်းနည်းခဲ့ရတယ်လေ..။အဲဒီနှစ်က အိမ်မှာ အလှူလုပ်တာတွေကိုဘဲ ၀ိုင်းကူ ခဲ့တယ်..။ကုသိုလ် တော့ရခဲ့တာပေါ့ဗျာ..။

အဲဒီနောက်ပိုင်းမြန်မာပြည်ကို ခွဲခွာလာခဲ့ပြီး သင်္ကြန်ဆိုတာနဲ့ဝေးလာတာ ဒီတစ်ခေါက်နဲ့ဆိုရင် ၃ကြိမ်မြောက်ပေါ့..။အရမ်းလွမ်းတယ်..။ဝါထိန်နေတဲ့ ပိတောက်ပန်းတွေကိုလွမ်းတယ်..။သင်္ကြန်ကားတွေဆီက သံချပ်တွေကိုလွမ်းတယ်..။မဏ္ဍပ်ပေါ်က DJ သံစဉ်တွေကိုလွမ်းတယ်..။အပြာရောင်လေးနဲ့ မီးသတ်ပိုက်ကိုလည်း လွမ်းတယ်..။လမ်းဘေးက အကြော်ဆိုင်တွေကိုလည်း လွမ်းတယ်...။ အို..ဗျာ...အားလုံးအားလုံးကိုလွမ်းတယ်ဗျာ.....။

ချစ်ကိုကြီး ကိုဖိုးဂျယ်ရေ... ညီတော့ ရေးပြီးပြီနော်...ကဲ ထပ်ပြီးတော့ တခ်လိုက်ပါအုံးမယ်....။

အလုပ်တွေများနေတဲ့ ဦးရီးတော်
မနက်တိုင် မောနင်းလို့ အမြဲနှုတ်ဆက်တဲ့ မိုးခါး
စားစရာတွေအမြဲချက်ကျွေးတတ်တဲ့ တီဝါ
မသိချင်းတွေများနေတဲ့ summer

ကဲဒီလောက်ဆိုရင်တော့ ဖြစ်ပါတယ်နော်...။ရေးပေးပါဦးနော်...။


နောက်ဆုံး

Saturday, March 28, 2009

ကောင်လေး အိပ် မပျော်တဲ့ ညတွေ များနေတယ်..။ လူက ဘာကို တွေးလို့ ဘာတွေလုပ်မိနေမှန်းကို မသိဘူး..။ တစ်ခါတစ်ရံ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘူး..။ အခုတလော အတွင်းပေါ့.။ စဉ်းစားရင်း စဉ်းစားရင်း စိတ်လေ လာတယ်။

လူတွေဟာ ဘာအတွက် အသက်ရှင်နေကြတာလဲ..။

အဖြေက တော့ အစုံပေါ့ဗျာ..။တစ်ချို့က ရည်းမှန်းချက် တစ်ချို့ က အောင်မြင်ကျော်ကြားမှု..အဲလို အဲလို နဲ့ လျှောက်လှမ်းလာခဲ့ကြတာ နောက်ဆုံးပန်းတိုင်က အားလုံး အတူတူ ဘဲဆိုတာ မသိကြဘူးလား..။တစ်ချို့ ကလည်း သိသိနဲ့ လျှောက်လှမ်းနေတာလား..။

နေလုံးဟာ အရှေ့ကနေ အနောက်ကို ၀င်သလို လူဆိုတာလည်း မွေးပြီးရင် သေဆုံးသွားကြမှာဘဲ.။
နေရောင်ခြည်ဟာ မနက်လင်းချိန်မှာ မပူလောင်သေးသလို လူဘ၀ အစ ကလေး ဘ၀ မှာလည်း ပူပင် ကြောင့်ကြမှုဟာ မရှိသလောက်ပါဘဲ..။

နေဟာ တဖြည်းဖြည်း နေ့လယ်ကိုကူးပြောင်းတဲ့ အချိန်မှာ ပူလောင်မှုတွေ ဟာ လည်း တရိပ်ရိပ် တိုးလာသလို လူ့ဘ၀မှာလည်း အသက်အရွယ် က သိတတ်စ အရွယ်ရောက်လေလေ ရည်မှန်းချက် ပန်းတိုင် တွေက တိုးတိုးလာလေပေါ့..။ အဲလိုတိုးလာလေလေ လောဘ၊ဒေါသ၊မောဟ တွေ များများ လာကြတယ်..။

နေပူရင် အရိပ်မှာ ခိုဝင်ရမှန်းသိသိနဲ့ မနားနိုင်ဘဲ ပိုးဖလံမျိုး မီးကိုတိုး ဆိုသလို ပူပါတယ် ဆိုမှ အတင်းတိုးဝင် ချင်သလိုဖြစ်နေတဲ့ လူတွေရဲ့ ဘ၀ကို ကြည့်ရင် သနားစရာပါလားလို့ တွေးမိပါရဲ့။ကောင်လေး အပါအ၀င်ပေါ့။

အခုလည်း ရည်မှန်းချက် ပန်းတိုင် အတွက် ကိုယ့်အိမ် ကိုယ့်မြေ ကိုယ်ကိုချစ်တဲ့သူ ကိုယ်က ချစ်တဲ့သူတွေ နဲ့ ခွဲခွာပြီး လောကဓံကို ရင်ဆိုင်ဖို့ ထွက်လာတော့.. အဲဒီ ရည်မှန်းချက်တွေက ကိုယ့်ရဲ့ စိတ်ကို တကယ်ဘဲ သာယာချမ်းမြေ့ မှုကို ပေးနိုင်မလား..။

လူသူအလယ် မှာ မျက်နှာငယ်လေးနဲ့ နေရတဲ့ ဘ၀ မှာ ကိုယ့်ကို လှမ်းခေါ်မဲ့သူများ ရှိနေရဲ့မလား လို့ မျှော်ခဲ့ရတဲ့ ရက်တွေ ဟာ ဘယ်လောက်များနေပြီလဲ..။

ဘာလုပ်ချင်နေလဲ...။ ဘာဖြစ်ချင်နေလဲ..။ ဘာတွေဆက်ဖြစ်လာအုံးမှာ လည်း..။ ဒီလိုနဲ့ဘဲ ကျော်ဖြတ်ရင်း နောက်ဆုံး အတွက် အဆင်သင့်ဖြစ်ပြီလား..။

ဟင့်အင်း...မမေးနဲ့။

ငါ အဆင်သင့် မဖြစ်သေးဘူး..။

ကောင်လေးစိတ်တွေ ရှုပ်ထွေးနေလို့ တွေးမိတွေးရာ ရေးလိုက်မိတာပါ...။

ပြောပြအုံးမယ်ကွန်ပြူတာလေးအကြောင်း

Thursday, March 26, 2009

ကောင်လေးတစ်ယောက် ဒီရက်ပိုင်းအတွင်း ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်..။ ကွန်ပြူတာကောင်းလို့ အလုပ်ရှုပ်ရတာမဟုတ်ရပါ...။ဝယ်ထားတာမှ ၃ လ လောက်သာရှိသေးတဲ့ ကွန်ပြူတာက ဖြစ်လိုက်တဲ့ ပြဿနာပေါင်းက မနည်းဘူးဗျ။စက်က ၀င်းဒိုး စဖွင့်ရင် လည်း အရမ်းလေး..မလိုတဲ့ဆော့ဝဲတွေက လဲ စက်ထဲမှာ တစ်ပုံတစ်ခေါင်း။

အဲလိုဆိုတော့ ကောင်လေး လက်ကမြင်း ပြီးလျှောက်လုပ်တယ် ထင်နေအုံးမယ်။ဝယ်ပြီးပြီးချင်း စရမ်းကထဲက သူ့အလိုလိုပါလာတာ..။ ပြီးတော့ မလိုတဲ့ဟာတွေ ထုတ်ပစ်ဖို့ ကြတော့လည်း နှမောပြန်ပေါ့ဗျာ။အဲလိုနဲ့ သုံးလာလိုက်တာ အရင်တစ်ပတ်က ဘာတွေဘယ်လို ဖြစ်သွားလဲ မသိဘူး Web Page တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ဘူး။ Fire Fox ကော IE ကောပေါ့။အဲဒါနဲ့ ကွန်နက်ရှင်ကြောင့်လား စစ်ပြန်တော့ Gtalk, Skype နဲ့ ရံဖန်ရံခါ msn messenger က ပါသုံးလို့ရတော့ ကွန်နက်ရှင်ကြောင့်လည်း မဟုတ်ပြန်ဘူး..။အဲဒါနဲ့ ကွန်ပြူတာ အကြောင်းနဲနဲ ကျွမ်းကျင်တဲ့ သူငယ်ချင်းကို ပြတော့လည်း မူရင်းပြဿနာကို ရှာမတွေ့..။ မူရင်းပြဿနာကို စတွေ့မှ ပြင်လို့ရမှကို..။

အဲဒါနဲ့ သူက အကြံပေးတယ် ၀င်းဒိုးကို Format ပြန်ချလိုက် ဆိုတာနဲ့ဘဲ ဖြစ်ချင်တာဖြစ် ဆိုပြီးလုပ်လိုက်ရော။ အဲဒါနဲ့လုပ်လိုက်ကြရောပေါ့။လုပ်လည်းပြီးရော internet ရဖို့က wireless ဆိုတော့ အင်တာနာက မိဖို့က Driver တစ်ခုကို ရှာဖိုလိုပြန်ရော..။ပုံမှန်ဆိုရင်လွယ်ပါတယ် ကိုယ့်ကွန်ပြူတာ အမျိုးအစားဆိုဒ်ထဲမှာ သွားရှာပြီး သူများစက်မှာ ဒေါင်း ပြီးရင် ကိုယ်စက်ထဲကို ပြန်ထည့်ပြီး run လိုက်ရုံပါဘဲ။ဖြစ်ချင်တော့ သူငယ်ချင်းရဲ့ pc က hp အမျိုးအစား ကောင်လေးရဲ့ အမျိုးအစား Toshiba ဆိုတော့ သူ့ဟာနဲ့ မကိုက်ပြန်။ အဲဒါနဲ့ Toshiba ဆိုဒ်ကို သွားပြီး ရှာပြန်တော့ ကိုယ့် မော်ဒန်အမျိုးအစားကို လုံးဝ ရှာမတွေ့ဘူး။ကိုယ့်စက်ကိုတောင် သံသယ၀င်သွားတယ်Toshiba မှ ဟုတ်ရဲ့လားလို့။နောက်တော့ တစ်ခုချင်းစီကို ဒေါင်းပြီးစမ်းကြည့်ရတာပေါ့..။

နှစ်ရက်လောက်ကြာသွားတယ် မတွေ့ဘူးဗျာ..။ကံကောင်းချင်တော့ မနေ့က စမ်းရင်းနဲ့ ရသွားတော့မှ စိတ်အေးရပြီး လိုအပ်တဲ့ Driver Software တွေကို လိုင်းပေါ်က ဘဲ ရှာ အားလုံး ကို ပြန်လုပ်ရတာပေါ့။ပြီးတော့ window ကို လည်း update လုပ် ကွန်ပြူတာကို restart လုပ်ရတဲ့ အခါပေါင်းက လက်ချိုးရေလို့တောင် မရပါဘူးဗျာ..။မနေ့ညနေပိုင်းက အသံမရတော့လို့ ခေါင်းစားသွားသေးတယ်။ သူငယ်ချင်းကို ပြန်ခေါ်ပြီး သူလုပ်ပေးလို့ ရသွားတာ။ဒါတောင် Driver တစ်ခုကို install လုပ်ဖို့ လိုသေးတယ်။ အဲဒါကို အခုထိရှာလို့မရဘူး။

သူငယ်ချင်းကလည်း အဲဒါဘာအတွက်မှန်းမသိဘူး။သိပ်အရေးမကြီးလို့ နောက်မှရှာယူတဲ့။သူလည်း တော်တော်ခေါင်းစား သွားတယ်။အခုတော့ ကွန်လေးက တော်တော် သွက်သွားတယ် Format လုပ်လိုက်တာမှန်သွားတယ်လို့ ဆိုရမှာပေါ့ဗျာ.။အဲဒီကွန်ပြူတာကြောင့် ကောင်လေးတစ်ယောက် ဘယ်ဘလော့မှကို မလည်ဖြစ်တော့တာပါ..။ဒီပို့စ်လေး နဲ့ ဘဲ ကောင်လေး ကို နားလည်ပေးကြပါတော့ဗျာ..။အခုပို့စ်တင်ပြီးတာနဲ့ အလည်ပြန်လာပြီဆိုတာကိုပါ တစ်ခါတည်း ကြေငြာလိုက်ပါတယ်ခင်ဗျာ..။

ကော်ပြန့်ကြော်ပူပူလေး စားလိုက်ကြစို့...။

Sunday, March 22, 2009

ဒီနေ့ နေ့လည်တော့ တနင်္ဂနွေကလည်းဖြစ် ချစ်သူနှစ်ဦးသားတိုင်ပင်ထားကြသည့်အတိုင်း ကော်ပြန့်ကြော်လေး လုပ်စားဖြစ်ပါတယ်..။တီဝါ ဆီကိုသွားလည်တိုင်း စားစရာပေါင်းစုံကိုသရေ ကျကျ ပြီး ပြန်နေရတော့ ဒီတစ်ခါ ကောင်လေးက လက်စွမ်းပြန်ပြလိုက်ပါတယ်ခင်ဗျာ..။ ကော်ပြန့်ထဲမှာတော့ မုန်လာဥနီ၊ ဂေါ်ဖီ၊ ပဲပြား၊ ကြာဇံ၊ ကြက်ဥမွှေကြော် နှင့် ကြက်သား တို့ကို ရောကြော်ပြီး ကော်ပြန့်အရွက်နှင့် လိပ်ကာ ဆီပူပူထဲမှာ ကြော်ရင်း ..နေ့လယ်စာ ကော ညစာ လွတ်ပါ အပြတ်ဝါးလိုက်တော့မယ်..။ အခု ၄၀ ကျော်တောင်မှဆိုတော့ ချစ်ခင်ရတဲ့ ဘလော့ညီအစ်ကိုမောင်နှစ်မတွေကို သတိရလို့ အတူတူစားဖို့ ကောင်လေးအိမ်မှ တာဝန်ယူပါရစေဗျာ....။



လိပ်ပြီးသားကော်ပြန့်များ




အဆင်သင့်သုံးဆောင်နိုင်ပါပြီ..။



ကဲ... ကောင်လေးအိမ် ကိုကြွရောက်လာသော ချစ်အစ်ကိုမောင်နှမ များ အားရပါးရ သုံးဆောင်ခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်..။

ဝါသနာလေးများ....။

Wednesday, March 18, 2009

ဒီနေ့တော့ အိမ်မှာ နှပ်နေရင်း စားဖတ်ရတာလည်း ပျင်းလာတာနဲ့ ကွန်ပြူတာတစ်လုံးနဲ့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေမိတယ်။ပို့စ် အသစ်ရေးဖို့က လည်း ဘာအကြောင်းအရာ ကိုရေးရမှန်းမသိဘူး။
သူများဘလော့တွေမှာတော့ အချစ်အကြောင်းတွေနဲ့ ပြည့်နှက်နေတယ်..။အဲဒီတော့ အချစ်အကြောင်းကို မရေးချင်တော့ဘူး။ကောင်လေးက ဗဟုသုတ အားနည်းပြန်တော့ သမိုင်းအကြောင်းတွေရေးဖို့ ကြပြန်တော့လည်း မဖြစ်.။ချစ်သူကောင်မလေးကတောင် ဘလော့လေးပျင်းနေမှာစိုးလို့ ၀င်ဝင်ရေးပေးနေရတယ်.။

အခုကိုယ်ဝါသနာပါတဲ့အကြောင်းလေးတွေကို ချရေးချင်စိတ်ပေါက်လာတာနဲ့ ဒီပို့စ်လေးကို ရေးလိုက်တာပါ..။
ကောင်လေးက ဘောလုံးပွဲကြည့်ရတာ အရမ်းဝါသနာပါတယ်..။အထက်တန်းကျောင်းတုန်းကလည်း သူငယ်ချင်းတွေ နဲ့ အပျော်တမ်းကန်ဖြစ်တယ်..။ကောင်လေးရဲ့ အကြိုက်ဆုံးအသင်းကတော့ အာဆင်နယ်ပါ..။
ငယ်ငယ်ကလေးထဲက မြန်မာ့အသံမှာ စနေ..တနင်္ဂနွေ ဆိုရင် လာနေကျ Premier League High Light တွေကြည့်ရင်း အာဆင်နယ်ကို အားပေးလာတာ ယနေ့ထက်တိုင်ဘဲ.။ဦးရီးတော်နဲ့ ဆိုအမြဲတမ်း တဂျက်ဂျက်ပေါ့..။သူက မန်ယူဂိုဏ်းချုပ်ကြီးလေ..။အာဆင်နယ်ကန်တဲ့ ပွဲတိုင်းကို အမြဲမလွတ်အောင်ကြည့်တယ်..။အာကြီးရှုံးသွားရင် ရင်ထဲမှာတစ်မျိုးချည်း စိတ်မကောင်းသလိုဖြစ်မိတယ်..။ တစ်ခါတုန်းကဆို အိပ်လို့တောင် မပျော်ဖြစ်မိတယ်..။နိုင်သွားရင်လည်း အတိုင်းမသိပျော်တာပေါ့ဗျာ..။ ညက လည်း ၁ ဂိုးနဲ့ ရှုံးနေတာ..အဲဒီအချိန်မှာ ဦးရီးတော် က လည်း ရှုံးရင်ထွက်ရမှာနော်ဆိုပြီး ပြောတော့ ..ရင်တမမ နဲ့ ကြည့်နေရတာ..။တော်သေးတာပေါ့ ပွဲပြီးခါနီးမှ ၂ ဂိုးဆက်တိုက်သွင်းသွားလို့..။စိတ်ချမ်းသာရတော့တယ်..။

နောက်ဝါသနာတစ်ခုက ခရီးသွားရတာပေါ့..။ကောင်လေး ခရီးထွက်ရမယ်ဆိုအရမ်းပျော်တယ်..။ သူငယ်ချင်းတွေနဲ့ ဘဲဖြစ်ဖြစ်..မိသားစုနဲ့ဘဲဖြစ်ဖြစ် ..ချစ်သူနဲ့ဘဲဖြစ်ဖြစ် ခရီးထွက်ရမယ်ဆိုရင်..အရမ်းကိုပျော်တာ..။ တစ်ယောက်ထဲလည်း မကြောက်တတ်ဘူး သွားတာဘဲ..။ အခုဒီကိုလာတာတောင် တစ်ယောက်ထဲလာတာ ..ကြောက်ဘူး။ ခရီးသွားခြင်းက ဗဟုသုတလည်းရတယ်.. စိတ်ကိုလည်း လန်းဆန်းကြည်လင်စေတယ်..။နောက်ပိုင်းလည်း ခရီးသွားဖို့ချည်းဘဲ ပြင်ဆင်နေတာ...။

သီချင်းနာထောင်ရတာလဲ ..ကောင်လေးရဲ့ ၀ါသနာဘဲ.. အစတုန်းတော့ အလွမ်းသီချင်းတွေ နားမထောင်ဖြစ်ဘူး အပြင်းစားတွေဘဲ နားထောင်တယ်..။ စိတ်ညစ်တဲ့ အခါမျိုးဆို အပြင်းစားတွေနဲ့ ပေါက်ကွဲပစ်တယ်..။နောက်ပိုင်း အချစ်နဲ့ တွေ့လာတဲ့ အခါမှာတော့ အလွမ်းသီချင်းလေးတွေ နားထောင်ဖြစ်လာတယ်..။ခံစားတတ်လာ တယ်လေ..။နှလုံးသားလေးက စကားပြောလာတော့ သူ့အကြိုက် လုပ်ပေးရတော့တာပေါ့နော်..။

နောက်တစ်ခုကတော့ ချက်ပြုတ်ခြင်းဘဲ..။ယောင်္ကျာလေးတော်တော် များများဟာ ချက်ပြုတ်ချင်းကို ၀ါသနာ မပါတာများတယ်..။ကောင်လေးကတော့ ဆန့်ကျင်ဘက်ဘဲ..။ချက်ပြုတ်ရတာ ကိုပျော်တယ်..။မနှစ်က စားသောက်ဆိုင်မှာ ၆ လလောက်အလုပ်လုပ်ခဲ့တယ်..။အရမ်းပင်ပန်းပေမယ့်ပျော်တယ်..။ ကိုယ်ဝါသနာပါလို့လား မသိဘူး..ခဏလေးနဲ့ တတ်လွယ်တယ်..။ တစ်လလောက်ဘဲသင်လိုက်ရတယ် ချက်ချင်း စာဖိုမှူးလက်ထောက်ဖြစ်သွားတယ်..။အခုတော့ မလုပ်တော့ပါဘူး..။ကျောင်းတက်ရတော့မှာဆိုတော့ အလုပ်မလုပ်တော့ဘူး..။

ကဲကောင်လေးရဲ့ဝါသနာအချို့ကို ဝေမျှလိုက်ပါတယ်..။ဝါသနာခြင်းတူရင်လည်း ဝေမျှသွားပါအုံး..။ကောင်လေးတစ်ယောက်ထဲ ပြောရတာပျင်းစရာကောင်းပါတယ်...အဲဒီတော့ ကိုဖိုးဂျယ်..ကိုဖိုးစိန် ..ကိုမောင်မျိုး.. နဲ့ကောင်းကင်ပြာ တို့ကိုလည်း Tag ရင်းနဲ့ ရေးပေးပါအုံးနော်..။ခင်လွန်းလို့ပါဗျာ...။